|
အယ်ဒီတာအာဘော်
တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာခြင်းသည်သာ
Wed 11 Nov 2009,
ယခုကာလများတွင် အမေရိကန်နိုင်ငံ သံတမန်များမှ စစ်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံဆက်ဆံခြင်း (Direct Engagement) နည်းလမ်းများဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေဆဲ ဖြစ်ပေသည်။ မကြာသေးမီက မြန်မာနိုင်ငံ စစ်အစိုးရနှင့် တွေ့ဆုံပြီးအပြန်၊ ဘန်ကောက် သတင်းစာရှင်လင်းပွဲတခု၌ အမေရိကန်အရာရှိတဦးမှ “စစ်အစိုးရသည် ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတို့နှင့် တွေ့ဆုံကာ နိုင်ငံရေး အဖြေရှာသင့်သည်” ဟု အကြံပြုသွားပေသည်။
၎င်းအကြံပြုချက်သည် အကြံပြုချက်အသစ် မဟုတ်ပေ။ ယခင်က ကုလသမဂ္ဂမှ ချမှတ်ထားသည့် “သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး” အား ရည်ရွယ်ပြောဆိုခြင်း ဖြစ်ပေသည်။ မြန်မာနိုင်ငံအတွင်း အချင်းချင်း အတိုက်အခံ ဖြစ်နေကြသည့် အင်အားစုများ အားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည်သာ တခုတည်းသော နိုင်ငံရေးထွက်ရပ်လမ်းပင် ဖြစ်ပေသည်။
“သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ” ကိစ္စကို စစ်အစိုးရမှ အမြဲတမ်းဆိုသလို ငြင်းပယ်ခဲ့သည့် ကိစ္စပင် ဖြစ်ပေသည်။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ငြင်းပယ်ခြင်းနှင့်အတူ စစ်အစိုးရသည် လမ်းပြမြေပုံ (၇) ချက်အတိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကိစ္စတွင် ပဋိပက္ခအင်အားစုများကို ထည့်မတွက်ဘဲ လျှောက်လှမ်းနေပေသည်။ လမ်းပြမြေပုံ (၇) ချက်ကြောင့် ၂၀၀၈ ခုနှစ်တွင် စစ်တပ်အား အဓွန့်ရှည် တည်တန့်စေသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို အတည်ပြု ရေးဆွဲခဲ့ပေသည်။ တဆက်တည်းတွင် (၂၀၁၀) ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ပေသည်။
ဒီမိုကရေစီအင်အာစု၊ တိုင်းရင်းသားအင်အားစုများမှ အမေရိကန်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေံဥပဒေသည် ဒီမိုကရေစီနည်းလမ်းလည်း မကျ၊ တိုင်းရင်းသားတို့၏ လူမျိုးရေးအခွင့်အရေးကိုလည်း အတိအလင်းမဖော်ပြထားသည့်အတွက် ထိုဖွဲ့စည်းပုံအား ပြင်ဆင်ပေးရန် တိုက်တွန်းခဲ့ပေသည်။
စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား “အတင်းအဓမ္မ” ဖြင့် (၉၂%) ထောက်ခံမဲ ရရှိအောင် ဆောင်ရွက်ခဲ့ပေသည်။ ထိုကဲ့သို့ လူထုထောက်ခံမဲ ရရှိထားသည့် ဖွဲ့စည်းပုံအား ပြင်ဆင်ရန် မဖြစ်နိုင်ဟု စစ်အစိုးရမှ အကြိမ်ကြိမ်ပင် ငြင်းဆိုခဲ့ပေသည်။
အကယ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအတိုင်း ၂၀၁၀ ရွေးကောက်ပွဲအား ကျင်းပသွားမည် ဆိုပါက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအခွင့်အရေးနှင့် လူမျိုးစုအခွင့်အရေးကား ပေါ်ပေါက်လာမည် မဟုတ်ပေ။ ပြည်သူတရပ်လုံးမှ ပါလီမန်အမည်ခံ စစ်တပ်၏ အုပ်စိုးမှုအောက်တွင် ဆက်လက်ပြီး နေထိုင်သွားရမည် ဖြစ်ပေသည်။ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်မီးသည်လည်း ဆက်လက်တောက်လောင်သွားဦးမည် ဖြစ်ပေသည်။ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း ပြည်သူလူထုများအတွက် ထူးမခြားနားသည့် ရွေးကောက်ပွဲသာ ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေ၊ ပဋိပက္ခ၏ အစွန်ဆုံး တနေရာ၌ “တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း” သည် ပဋိပက္ခအများအပြားကို ဖြေရှင်းနိုင်မည် ဖြစ်ပေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီစုံ၊ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပါဝင်စေမည်ဆိုပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား အများက လက်ခံနိုင်အောင် ပြင်ဆင်ရပေမည်။
တချိန်တည်းတွင် အထက်မှ အကြံပြုထားသကဲ့သို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို စတင်ဆောင်ရွက်သင့်ပြီး ဒီမိုကရေစီနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရန် ဆောင်ရွက်မှသာ ကျနုပ်တို့နိုင်ငံအတွက် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ရရှိမည် ဖြစ်ပေသည်။
|
|
|
|