မွန်ပြည်သစ်ပါတီနှင့်အတူ တိုက်ပွဲဝင်လာခဲ့သည့် သထုံခရိုင် အတွင်းရေးမှုး နိုင်သိန်းဝင်းသည် အသည်းနှင့် ပတ်သက်သည့် ရောဂါဖြင့် လွန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ရေးမြို့ ပြည်သူ့ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
နိုင်သိန်းဝင်းသည် အသက် ၄၆ နှစ်အရွယ်ဖြစ်ပြီး၊ အသည်းရောဂါဝေဒနာကို နှစ်ရှည်လများ ခံစားလာရာမှ ရောဂါအခြေနေသည် ဆိုးရွားလာကာ ကွယ်လွန်သွားသည့် အခြေနေသို့ရောက် ရှိသွားခဲ့သည်။
နိုင်သိန်းဝင်းသည် လွန်ခဲ့သည် သက္ကရာဇ် ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလတွင် မွန်ပြည်သစ်ပါတီထဲသို့ ဝင်ရောက်ပြီး ကျန်းမာရေးဌာနတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် မြို့နယ်ကော်မတီ (သထုံခရိုင်) သို့ ပြောင်းရွေ့တာဝန်ယူခဲ့သည်။ ထိုမှတဆင့် ရေးမြို့နယ်တောင်ပိုင်းတွင် မြို့နယ်ဥက္ကဌဖြစ်လာသည်။ ၁၉၉၆ ခုနှစ်မှ ထားဝယ်ခရိုင် အတွင်းရေးမှူးအဖြစ် နှစ်ကြိမ် တာဝန်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်နှောင်းပိုင်းမှစ၍ သထုံခရိုင် အတွင်းရေးမှူးအဖြစ် ကွယ်လွန်သွားသည့်အချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။
“သူကတော့ အမြော်အမြင်ရှိတဲ့လူပဲ၊ ပါတီအတွက် အလုပ်ကြိုးစားတဲ့လူဖြစ်တယ်၊ သူလုပ်ခဲ့တာ ကောင်းတာမျိုးရှိသလို ဆိုးတာလည်းရှိပါတယ်၊ ဒါပေမယ့် သူရဲ့ကြိုးစာမှုကြောင့် ပြင်သစ်နိုင်ငံ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က မွန်ဒေသမှ ထွက်ခွာသွားချင်ပေမယ့် သူရဲ့ ဦးဆောင်မှုကြောင့် ဆက်လက်နေခဲ့ပြီးနောက်ပိုင်းမှ ထွက်ခွာသွားခဲ့ပါတယ်” ဟု နိုင်သိန်းဝင်းနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။
မွန်ပြည်သစ်ပါတီ၏ ရွေရတုသဘင်အခမ်းနားသို့ တက်ရောက်ရန် ဝယ်ဇင်တွင် ရောက်ရှိနေခိုက် ဒီဇင်ဘာ ၂၁ ရက်၊ ညတွင် နေမကောင်းဖြစ်လာပြီး၊ ၂၂ ရက်မနက်ပိုင်းတွင် အခြေနေဆိုးရွားလာကာ ရေးမြို့ဆေးရုံသို့တင်ဆောင်သွားပြီး မနက် ၉ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့သည်။
ကွယ်လွန်သွားပြီးနောက် မွန်ပြည်သစ်ပါတီ ရွှေရတုအခမ်းအနား ကျင်းပသည့်နေ့မှာပင် ရေးမှ ဝယ်ဇင်သို့ သူ၏ရုပ်အလောင်းကို သယ်ဆောင်လာရာ ၂၃ ရက်နေ့တွင် ရွေရတုအခမ်းနားသို့ ကြွရောက်လာသည့် မွန်ပြည်သူများက သူ၏ဈာပနာအခမ်းအနားကို စီစဉ်လုပ်ဆောင်သွားသည်။
နိုင်သိန်းဝင်းသည် မုဒုံမြို့နယ် ကွမ်ခဗွီကျေးရွာဇာတိဖြစ်သည်။ သူကွယ်လွန်သွားပြီးနောက် ဇနီးသည် မိချဲ့ နှင့်အတူ သမီး ၄ ယောက် ကျန်ရစ်ခဲ့သည်။